အနာဂတ်ကို .... ပိုင်ဆိုင်ဖို့ ...... ငါတို့ကိုယ်တိုင်...... ကြိုးစားစို့.....

မှတ်သားကြရမယ့် .... အမေ့ အမှာစကား...

Saturday, March 26, 2011

ပညာရေး၊ နိုင်ငံ့အရေးနဲ့ ဒီမိုကရေစီ လူ့အဖွဲ့အစည်း ......... ဒေါက်တာမောင်သင်း

ပြည်အုပ်ချုပ်ရေး စနစ်များအနက် ဒီမိုကရေစီ စနစ်သည် အခက်ဆုံး ဖြစ်လေသည်။ ဒီမိုကရေစီ အောင်မြင်ရန် ပြည်သူ ပြည်သားတို့သည် အသိဉာဏ်ပညာနှင့် ဆင်ခြင်တုံတရား လုံလောက်အောင် ရှိကြရမည်။ အသိဉာဏ် ကင်းမဲ့သော နိုင်ငံတွင် ဒီမိုကရေစီ စနစ်သည် ဗရုတ်သုတ်ခကိုသာ ဖြစ်စေလိမ့်မည်။ ထို့ကြောင့် မဲဆန္ဒရှင်တိုင်းသည် ပညာ တတ်ကြရမည်။ ဆင်ခြင်တုံတရားကို သုံးနိုင်ကြရမည်။ ပညာသည် နိုင်ငံရေး အခြေခံကြီး အစစ်ဖြစ်၏။

အထက်ပါ စကားကို ပြောကြားခဲ့တဲ့ သူကတော့ နောင်တစ်ချိန်မှာ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် တာဝန်ကို သက်တမ်း နှစ်ကြိမ် ၁၉၆၁ မှ ၁၉၇၁ ခုနှစ်အထိ တာဝန် ထမ်းဆောင်ပြီး မြန်မာကို ကမ္ဘာက သိအောင် လုပ်ပေးမယ့် အမျိုးသား ကျောင်းအုပ်ဆရာကြီး “ဦးသန့်” ပါ။ ၁၉၄၅ ခုနှစ်က ရေးခဲ့တာပါ။ စာအုပ် ခပ်ပါးပါးလေးပါ။ အမည်က “ဗမာသစ်နှင့် ပညာသစ်” တဲ့။ အင်္ဂလိပ် ကိုလိုနီကျွန်၊ ဂျပန် ကိုလိုနီကျွန်၊ ပြီးတော့ အင်္ဂလိပ်ရဲ့ ကိုလိုနီကျွန် ပြန်ဖြစ်တဲ့ ဘဝတစ်လျှောက်လုံး မြန်မာတွေ “ကိုလိုနီ ပညာရေး” “ကျွန်ပညာရေး” နဲ့သာ အသား ကျနေခဲ့တာပါ။ မြန်မာလူထုတွေ လွတ်လပ်ရေးရရင် အရင်ကလို ကျွန်ဗမာ (မြန်မာ)တွေ မဟုတ်တော့ပါ။ လွတ်လပ်တဲ့ သခင်ဗမာ(မြန်မာ) တစ်နည်းအားဖြင့် “ဗမာသစ် တွေပါ။ အဲဒီ ဗမာသစ်ရဲ့ နိုင်ငံတော်သစ်ဟာ ဒီမိုကရေစီ နိုင်ငံတော်အဖြစ် တက်လှမ်းမှာမို့ ဒီမိုကရေစီ လူ့အဖွဲ့အစည်းနဲ့ လိုက်လျောညီထွေရှိမယ့် အသိဉာဏ်ပညာကို ပေးစွမ်းနိုင်တဲ့ ပညာရေးစနစ် အသစ်ဖြစ်တာကြောင့် “ပညာသစ်” တဲ့၊ အဲဒီလို သခင်ပညာရေးနဲ့ အနာဂတ် မြန်မာနိုင်ငံကို ပုံဖော်သွားမှ ဖြစ်မယ်လို့ ဆိုလိုတာလို့ ကျွန်တော် ထင်ပါတယ်။ “နိုင်ငံတော်သည် ဘက်စုံ အတွေးအခေါ် အယူအဆ မှန်ကန်၍ အကျင့်စာရိတ္တ ကောင်းမွန်ပြီး နိုင်ငံတော် တည်ဆောက်ရေး အတွက် အကျိုးပြုမည့် ခေတ်မီပညာရေး စနစ်ကို ဖော်ဆောင်ရမည်” လို့ ကျွန်တော်တို့ရဲ့ ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေ (၂၀၀၈) ပုဒ်မ-၂၈ (ဃ) မှာ ပြဋ္ဌာန်းထားတာပဲ ဖြစ်ပါတယ်။ နိုင်ငံတော် အနေဖြင့် ပညာရေးက အလေးထား ဆောင်ရွက်ရမယ့် ကဏ္ဍကို မီးမောင်း ထိုးပြထားခြင်းပါ။

ပညာရေးဆိုတာ နိုင်ငံသူ နိုင်ငံသားများရဲ့ ဉာဏ်မျက်စိ ပွင့်အောင်၊ အသိပညာ ကြွယ်ဝအောင် ဆောင်ရွက်ရင်း နိုင်ငံတော်က လိုအပ်တဲ့ လူ့စွမ်းအား အရင်းအမြစ် မွေးထုတ်ပေးတဲ့ လုပ်ငန်းပါ။ အရင်းအမြစ် တွေထဲမှာ ကျန်းမာရေး ပညာရှင်၊ ပညာရေး ပညာရှင်၊ ကာကွယ်ရေး ပညာရှင်၊ စီးပွားရေး ပညာရှင်၊ စက်မှုနဲ့ နည်းပညာရှင် စသည့် နိုင်ငံတော် တည်ဆောက်ရေးအတွက် လိုအပ်တဲ့ ပညာရှင်ပေါင်းစုံနဲ့ အတူ နိုင်ငံ့ အရေးအရာကို အစွမ်းကုန် သယ်ပိုးမယ့် နိုင်ငံရေး သမားကောင်း၊ နိုင်ငံရေးသမား အမွန်အမြတ်တွေကို မွေးထုတ်ပေးတာလည်း ပါရပါလိမ့်မယ်။ သူတို့ တစ်တွေဟာ ဘက်စုံ အတွေးအခေါ် အယူအဆမှန်သူ ဖြစ်ရပါမယ်။ ကိုယ်ကျင့်တရား ကောင်းရမယ်။ ပြည်သူ့အတွက်၊ နိုင်ငံ့အတွက် သယ်ပိုးလိုတဲ့ မျိုးချစ်စိတ်ဓာတ် ပြည့်ဝရပါလိမ့်မယ်။ ခေတ်မီ နည်းပညာ တတ်ကျွမ်းရမယ်။ တတ်ကျွမ်းတဲ့ နည်းပညာကို တိုင်းပြည် ဖွံ့ဖြိုးတိုးတက်ရေးမှာ အသုံးချနိုင်စွမ်း ရှိရပါလိမ့်မယ်။ နိုင်ငံတော်ကို အရှိန်အဟုန်နဲ့ တည်ဆောက်နိုင်သူ၊ ပြည်သူ ပြည်သားတွေရဲ့ ငြိမ်းချမ်း သာယာဝပြောရေးကို စွမ်းဆောင်နိုင်သူတွေ ခေါင်းဆောင်ကောင်းတွေ ဖြစ်လာဖို့ အတွက်ပါ။ ဖွဲ့စည်းပုံ အခြေခံဥပဒေမှာ ပြဋ္ဌာန်းထားတယ် ဆိုကတည်းက မြန်မာ့ လူ့အဖွဲ့အစည်းရဲ့ တကယ် လိုအပ်ချက် ဖြစ်နေလို့ပါ။ နိုင်ငံတော်ရဲ့ အနာဂတ်အတွက် ကြိုတင် မျှော်မှန်းပြီး ဆောင်ရွက်ချက်ပါ။ နိုင်ငံတော်မှာ တကယ်လိုအပ်တဲ့ အတွေးအခေါ် မြင့်တဲ့ နိုင်ငံကြီးသား စိတ်ထား ကြွယ်ဝသူတွေကို ပညာရေးက မဖြစ်မနေ မွေးထုတ်ပေးရ ပါလိမ့်မယ်။ ယနေ့ နိုင်ငံတော်နဲ့ မြန်မာ့ လူ့ဘောင် ချီတက်မယ့် လမ်းစဉ်က ငြိမ်းချမ်း သာယာဝပြောတဲ့ ဒီမိုကရေစီ အဖွဲ့အစည်းဆီသို့ပါ။ ဒီမိုကရေစီ အဖွဲ့အစည်းနဲ့ လိုက်လျောညီထွေရှိမယ့် မှန်ကန်တဲ့ အသိပညာ၊ အတွေးအခေါ် အယူအဆတွေ အနာဂတ် မျိုးဆက်တွေမှာ ကြွယ်ဝနေဖို့ လိုပါတယ်။ ဒီမိုကရေစီ အဖွဲ့အစည်းနဲ့ လိုက်လျောညီထွေရှိမယ့် “ပညာရေး” ကတော့ နိုင်ငံသားတိုင်းကို နိုင်ငံ့အရေးအရာ၊ နိုင်ငံရေး၊ ဒီမိုကရေစီနဲ့ ပတ်သက်တဲ့ အသိကြွယ်ဝအောင် လေ့ကျင့်ပေးခြင်းပါပဲ။

ဘာဖြစ်လို့လဲဆိုတော့ နိုင်ငံရေး၊ နိုင်ငံ့အရေးအရာ၊ ပြည်ရေးပြည်ရာ၊ ဒီမိုကရေစီ ဆိုတာဟာ နိုင်ငံရေး ပါတီတွေ၊ နိုင်ငံရေး သမားတွေ၊ အစိုးရ အဖွဲ့ဝင်တွေ၊ အုပ်ချုပ်ရေး သမားတွေနဲ့သာ သက်ဆိုင်တဲ့ကိစ္စ၊ သူတို့သာ နားလည်ရမယ့် အသိပညာ မဟုတ်ပါ။ ဆူကြုံနိမ့်မြင့် နိုင်ငံသားတိုင်း သိထားရမယ့် အသိတရားနဲ့ ကျင့်ဝတ်တွေပါ။ အထူးသဖြင့် လူငယ်တွေမှာ လွတ်လပ်ခွင့် ရှိတယ်။ နိုင်ငံသားတိုင်း လွတ်လပ်စွာ ပြောဆိုခွင့်၊ ရေးသားခွင့်၊ နေထိုင်ခွင့် ရှိတယ်ဆိုတာ သိနေရပါမယ်။ အဲဒီလို လွတ်လပ်တဲ့ အခွင့်အရေး ရှိတယ်ဆိုတာဟာ မိမိ အသိုင်းအဝိုင်းကို ရမ်းကားခွင့်၊ မိုက်ရိုင်း စော်ကားခွင့်၊ ယဉ်ကျေးတဲ့ ဓလေ့ထုံးတမ်းတွေ ဖြစ်တဲ့ မိဘ ဆရာသမား (ဝါ) ဂုဏ်အသက်အရွယ် ကြီးသူတွေကို ရိုသေမှု ပြုကျင့်ဖို့ မလိုဆိုတာမျိုး မဟုတ်ပါ။ ဒီမိုကရေစီ လူ့အဖွဲ့အစည်းဟာ မိမိ လိုက်နာရမယ့် ကျင့်ဝတ် ထမ်းဆောင်ရမယ့် တာဝန်တွေကို အကောင်းဆုံး လိုက်နာ ထမ်းဆောင်တဲ့ သူတွေ ပြည့်နေတဲ့ လူ့အဖွဲ့အစည်းပါ။ ဒါ့အပြင် ဥပဒေက ပြဋ္ဌာန်းထားတာနဲ့အညီ လေးစားလိုက်နာ တန်ဖိုးထားတတ်သူတွေ ပေါနေရပါမယ်။ မတူညီတဲ့ သူ့အမြင်၊ ကိုယ့်အမြင်ကို လေးစား တန်ဖိုးထားပြီး လူ့အဖွဲ့အစည်း ကောင်းကျိုး စုပေါင်းလုပ်ကိုင်တတ်၊ နေထိုင်ပေါင်းသင်း ဆက်ဆံတတ်တဲ့ အသိပညာနဲ့ ကျင့်ဝတ်တွေ ဖြစ်တယ်ဆိုတာ သိနေဖို့၊ ရစေဖို့ပါ။ ယခုနှစ် သီတင်းကျွတ် ကျွန်တော်တို့ မိသားစု ကျေးဇူးရှင် ဆရာကြီး၊ ဆရာမကြီးတွေကို သွားကန်တော့ကြပါတယ်။ အငြိမ်းစား ဆရာမကြီး ရုက္ခဗေဒ ပါမောက္ခ ဒေါ်နုနုထက်ဒွေးဆီ ရောက်တော့ “ငါ ရွေးကောက်ပွဲ သတင်းတွေဖတ်ရ၊ တီဗီမှာ နိုင်ငံရေး ပါတီတွေရဲ့ မူဝါဒတွေ ပြောတာ ငါကြားနေရတယ်။ တကယ်တော့ စာသင်တာ၊ ပြည်သူတွေကို အသိဉာဏ် ပွင့်လင်းအောင် လုပ်တာလည်း နိုင်ငံရေးကွဲ့။ သူတို့လို လက်သီး လက်မောင်း တန်းနေမှ နိုင်ငံရေး မဟုတ်ဘူး။ ဒါ့ကြောင့် ကိုယ့်အလုပ်ကို ကောင်းအောင် ဆက်လုပ်ကြကွဲ့။ ငါတို့ အလုပ်ကောင်းမှ တိုင်းပြည် တိုးတက်မှာ၊ ဖွံ့ဖြိုးမှာ။ သူတို့က ဘာကောင်းအောင် လုပ်ချင်တယ် ပြောပြော ငါတို့ အလုပ်အောင်မြင်မှ သူတို့က ရှေ့ဆက်ပြီး တစ်ဆင့်မြင့်အောင် လုပ်လို့ရမှာ။ လူတော်၊ လူကောင်းတွေ မရှိသမျှ နိုင်ငံရေး သမားတွေပြောတဲ့ အလုပ်တွေ အောင်မြင်ဖို့နှုန်း နှေးနေဦးမှာပဲ” တဲ့။



ကျွန်တော်က ကျောင်းဆရာ၊ ကျွန်တော့် သမီးကလည်း ကျောင်းဆရာ မပါ။ ကျွန်တော်တို့ကို “နိုင်ငံရေးသမား” “နိုင်ငံရေးအလုပ်” ဆိုတာကို အသက် ၈၀ ကျော်အဘွား အမျိုးသမီး ပါမောက္ခကြီးက ပြောခဲ့တာပါ။ ပြည်သူတွေ အသိဉာဏ်ဖွံ့မှ ဖြိုးမှ နိုင်ငံရဲ့ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းတွေဟာ အောင်မြင်မှာလို့ ဆရာမကြီးက ဆိုလိုတာပါ။ ဘာလို့လဲဆိုတော့ ဖွံ့ဖြိုးမှု၊ တိုးတက်မှု လုပ်ငန်းတွေကို လက်တွေ့ အကောင်အထည် ဖော်နေသူတွေက ပညာရည် မြင့်မားပြီး အတွေးအခေါ် ထက်မြက်သူ ပညာရှင်တွေ ဖြစ်လို့ပါပဲ။ ကျွန်တော့်ရဲ့ အဘ ဒေါက်တာ ကျော်စိုး ကလည်း ကျောင်းဆရာဆိုတာ “ကမ္ဘာ့ ငြိမ်းချမ်းရေး ဗိသုကာ” တဲ့။ ဘယ်ကျောင်း ဆရာကများ လူငယ် မျိုးဆက်တွေကို လူဆိုး၊ လူမိုက်ဖြစ်အောင် လေ့ကျင့်ပေးလို့လဲ။ လူလိမ္မာ၊ လူ့ယဉ်ကျေး၊ ပြည်သူ ပြည်သားကောင်း (Good Citizen)နဲ့ နိုင်ငံကြီးသား စိတ်ထား ကြွယ်ဝသူတွေ ဖြစ်အောင် အသိပညာနဲ့ ဉာဏ်မျက်စိ ဖွင့်ပေးခဲ့တာပါ။ ပြီးတော့ အတွေးအခေါ် အယူအဆနဲ့ ဘက်စုံ အတွေးအခေါ် မှန်ကန်ပြီး ဆင်ခြင်တုံတရား ပြည့်ဝသူတွေ မွေးထုတ်ပေးတာပါ။ ဒီမိုကရေစီ လူ့အဖွဲ့အစည်းမှာ ပညာ ပြည့်ဝပြီး ဆင်ခြင်တုံတရား ကြွယ်ဝသူတွေ ပြည့်လျှမ်းနေဖို့ လိုပါတယ်။ ဒါမှသာ ကမ္ဘာကြီးဟာ ငြိမ်းချမ်းသာယာမှာကိုး။ တကယ်တော့ ပညာရေးဟာ နိုင်ငံရေးရဲ့ တကယ့် အခြေခံ အုတ်မြစ်ပါ။ အဲဒီအုတ်မြစ်ဟာ အခြေခိုင်ဖို့ လိုပါတယ်။ ဒါကြောင့် ကျောင်းဆရာဟာ “ပညာမြင့်မှ လူမျိုးတင့်မည်” ဆိုတဲ့ နိုင်ငံရဲ့ ခိုင်မာတဲ့ အခြေခံကောင်းတွေကို အကောင်အထည် ဖော်နေကြတဲ့ ထာဝရ နိုင်ငံရေး သမားတွေပါ။ အထက်ပါ ဆရာကြီးတို့၊ ဆရာမကြီးတို့ဟာ ကိုလိုနီခေတ်မှာ ကြီးပြင်းခဲ့ကြပြီး မြန်မာ အမျိုးသားကျောင်းတွေက ဖြည့်ဆည်းပေးလိုက်တဲ့ အမျိုးသားစိတ်ဓာတ် ရခဲ့လို့ပါ။ အမျိုးသားရေး စိတ်ဓာတ်ဟာ နိုင်ငံနဲ့ လူမျိုးကို မြှင့်တင်လိုတဲ့ အမြင့်မားဆုံး နိုင်ငံရေး စိတ်ဓာတ်ပါပဲ။ အမျိုးသား ပညာရေးက နိုင်ငံချစ်စိတ်၊ ပြည်သူချစ်စိတ်တွေကို မျိုးစေ့ ချပေးနိုင်စွမ်း ရှိတာမို့ ကိုလိုနီခေတ်က မြန်မာလူငယ် ပညာတတ် အမြောက်အမြားဟာ မိမိတို့ ကိုယ်ကိုယ် အမျိုးသား ကျောင်းဆရာဘဝမှာ မြှုပ်နှံကြပါတယ်။

မြန်မာ့ လွတ်လပ်ရေး ကြိုးပမ်းမှုနဲ့ သခင်စိတ်ဓာတ်၊ မျိုးချစ်စိတ်ဓာတ် ကြွယ်ဝမှုဟာ ပညာရေးနဲ့ တွဲနေရမယ်။ ပညာရေးအားဖြင့် အမျိုးသားရေး စိတ်ဓာတ်ကို ဖော်ထုတ် မြှင့်တင်နိုင်ရမယ်။ ပညာရေးအားဖြင့် လွတ်လပ်မှု အတွေးအခေါ်ကို ဖြန့်ချိနိုင်ရမယ်။ လွတ်လပ်တဲ့အခါ ကိုယ့်အားကိုယ်ကိုး အုပ်စိုးနိုင်အောင် ဖွံ့ဖြိုး တိုးတက်တဲ့ နိုင်ငံတော် တည်ဆောက်ဖို့ အသိပညာ၊ အတတ်ပညာနဲ့ ပြည့်စုံတဲ့ နိုင်ငံ့ သားကောင်းတွေကို ပညာရေးနဲ့သာ မွေးထုတ်ပေးနိုင်မယ်။ မြန်မာအမျိုးသား ပညာတတ် လူငယ်တွေက အဲဒီလို ယုံကြည်ခဲ့ကြလို့ပါ။ ဒါနဲ့ပဲ ကိုလိုနီ လက်အောက်ခံဘဝမှာ အမျိုးသား ကျောင်းဆရာတွေ၊ အမျိုးသား ကျောင်းထွက်တွေ လွတ်လပ်ရေး ကြိုးပမ်းမှု လွတ်လပ်တဲ့ နိုင်ငံတော် တည်ဆောက်မှုတွေမှာ ရှေ့တန်းက ပါဝင်ခဲ့ကြ ပါတယ်။ ဥပမာ- သခင်မြ၊ ဦးရာဇာတ်၊ ဦးသန့်၊ ဦးနု၊ ဦးသာဒင်တို့ဟာ ထင်ရှားတဲ့ အမျိုးသား ကျောင်းဆရာကြီးများပါ။ အဲဒီခေတ်ရဲ့ လိုအပ်ချက်အရ အမျိုးသား ပညာရေးဆိုတာ ပေါ်ပေါက်လာတာပါ။ ပညာရေးဟာ အနာဂတ် လူ့ဘောင်အတွက် လိုအပ်တဲ့ နိုင်ငံ့သားကောင်း၊ နိုင်ငံ့အကျိုး သယ်ပိုးရာမှာ ဦးဆောင်ကြမယ့် နိုင်ငံရေး သမားကောင်းတွေ မွေးထုတ်တဲ့ လုပ်ငန်းဆိုတာ ကိုလိုနီခေတ်က “မြန်မာ့ အမျိုးသား ပညာရေး”က သက်သေ ပြခဲ့တာပါ။ အဲဒီ ကောင်းမြတ်တဲ့ မြန်မာ့ အမျိုးသား ပညာရေးရဲ့ အစဉ်အလာကို ဆက်လက် ထိန်းသိမ်းပြီး အနာဂတ် လူ့ဘောင် ငြိမ်းချမ်း သာယာဝပြောတဲ့ ဒီမိုကရေစီ လူ့အဖွဲ့အစည်းနဲ့ လိုက်လျောညီထွေရှိမယ့် ပညာရေးကို အကောင်အထည် ဖော်ရမယ့် အချိန်ပါ။ ကိုလိုနီခေတ်မှာ မြန်မာ တစ်မျိုးသားလုံး နိုးကြားဖို့ အလိုအပ်ဆုံးက “အမျိုးသား ပညာရေး” ဖြစ်ခဲ့ပါတယ်။ အမျိုးသား ပညာရေးက မြန်မာတွေကို ကျွန်ဘဝက လွတ်အောင် စွမ်းဆောင်ခဲ့တယ်။ ယနေ့ခေတ်ရဲ့ မြန်မာတွေအတွက် အလိုအပ်ဆုံး ပညာရေးကတော့ “ဒီမိုကရေစီ ပညာရေး” ပါပဲလို့ ဆိုချင်ပါတယ်။ မြန်မာတွေရဲ့ ငြိမ်းချမ်း သာယာမှုနဲ့ ဖွံ့ဖြိုးတိုးတက်မှု အရှိန်ကို မြှင့်ပြီး ကမ္ဘာ့ ဖွံ့ဖြိုးပြီးနိုင်ငံ ရပ်ကွက်ထဲ ခပ်မြန်မြန် ဝင်ချင်လို့ပါ။ ကျွန်တော် မြင်တာက နိုင်ငံ့အရေး၊ နိုင်ငံကို ငြိမ်းချမ်းအောင်၊ ဖွံ့ဖြိုးအောင် ဆောင်ရွက်သူ မှန်သမျှ လယ်သမား၊ အလုပ်သမား၊ ပညာရှင်၊ ဈေးရောင်း၊ ဈေးသည်၊ ကုန်စည်ပို့ဆောင်သူ၊ အမှိုက်သိမ်းသူ၊ ကျန်းမာရေး ဝန်ထမ်း၊ ကာကွယ်ရေး ဝန်ထမ်း စသည်တို့ဟာ နိုင်ငံရေးအရာ ဆောင်ရွက်တဲ့ နိုင်ငံရေး သမားပါပဲ။ မိမိရဲ့ ဆောင်ရွက်မှုနဲ့ အသက်မွေးမှုဟာ သူတစ်ပါးကို စောင့်ရှောက်ဖို့၊ မြှင့်တင်ဖို့ အများအတွက် ကောင်းကျိုးတစ်ခုခု ဖြစ်ထွန်းစေမယ်ဆိုရင် နိုင်ငံရေး လုပ်နေတာပါပဲ။

ဒါကြောင့် နိုင်ငံ့အရေးအရာဟာ ဘာသိဘာသာနေ၍ မရပါ။ ပြည်သူ ပြည်သားတိုင်းရဲ့ နှလုံးသားထဲမှာ ကိန်းအောင်းရမယ့် အရာပါ။ အဲဒီ အသိဝင်အောင် ပညာရေးက မဖြစ်မနေ ဖြည့်ဆည်းပေးရပါမယ်။ လူတိုင်း သိကို သိရမယ့်အရာ၊ သိမှဖြစ်မယ့် အသိနဲ့ စောင့်ထိန်းရမယ့် ကျင့်ဝတ်၊ လိုက်နာရမယ့် စည်းကမ်း၊ ထမ်းဆောင်ရမယ့် တာဝန်တွေပါပဲ။ တကယ်တော့ “နိုင်ငံ့ အရေးအရာ” တို့ “နိုင်ငံရေး” သင်ကြားရေးဆိုတာ မြန်မာ့ ပညာရေးအတွက် အထူးအဆန်းတော့ မဟုတ်ခဲ့ပါ။ ဦးသန့်က သူ့စာအုပ်မှာ ဆက်ပြောပါသေးတယ်။ “ဒီမိုကရေစီ ပညာရေး”ကို စစ်ပြီးခေတ်တွင် နိုင်ငံ အတော်များများတွင် ပြန်လည် စတင်သည်ဟု ဆိုထားပါတယ်။ တကယ်လည်း ဟုတ်ပါတယ်။ ဒီမိုကရေစီ ပညာရေး စနစ်ကို ဒုတိယ ကမ္ဘာစစ်ပြီးတွင် နိုင်ငံတကာ ကျောင်းတွေမှာ ဦးစားပေး သင်ကြားရေး နိုင်ငံ အရေးအရာဖြစ်တဲ့ “နိုင်ငံရေးပညာ” ကို ထည့်သွင်း သင်ကြားလာပါတယ်။ အရှေ့မှာ အဖွံ့ဖြိုးဆုံး နိုင်ငံဖြစ်တဲ့ ဂျပန်နိုင်ငံကို ကြည့်ကြရအောင်ပါ။ ဒုတိယ ကမ္ဘာစစ် ဖြစ်ပွားနေချိန်က ဂျပန်နိုင်ငံ၏ ပညာရေးမှာလည်း စစ်ပွဲကို ဦးစားပေးခဲ့ပါတယ်။ ဧကရာဇ်က သက်ဦးဆံပိုင် ဖြစ်သလို နတ်ဘုရား တစ်ပါးလည်း ဖြစ်ပါတယ်။ ၁၉၄၅ ခုနှစ် ဂျပန် စစ်ရှုံးသောအခါ ကြီးမားသော အပြောင်းအလဲ ဖြစ်လာပါတယ်။ ကျောင်းများတွင် ကလေးများကို ဒီမိုကရေစီ အခြေခံမူများ သင်ကြားပေးပါတယ်။ သက်ဦးဆံပိုင် စနစ်ကို အခြေခံသော ပညာရေးမှ ဒီမိုကရေစီ ပွင့်လန်းစေမှုကို အခြေပြုတဲ့ ပညာရေးစနစ်ကို ပြောင်းလဲလာပါတယ်။ ထိုစနစ်ဟာ ဂျပန် တစ်နိုင်ငံလုံး လွှမ်းမိုးသွားပါတယ်။ ဂျပန် ပညာရေးဝန်ကြီးက မူလတန်းနဲ့ အလယ်တန်းမှာ နိုင်ငံ့အရေးအရာကို သင်ဖို့ ဒေသဆိုင်ရာ ကော်မတီတွေနဲ့ ညှိနှိုင်းပေးတယ်။ ဘာကြောင့် ကျောင်းသားတွေကို နိုင်ငံ့ အရေးအရာ သင်ရသလဲ ဆိုတာကို ဂျပန် ပညာရေးဝန်ကြီးက “ကျောင်းသားတွေကို နိုင်ငံရေး ပညာသင်ကြားစေခြင်းဖြင့် သူတို့ရဲ့ နိုင်ငံအကျိုး သယ်ပိုးဖို့ဆိုတဲ့ အရည်အသွေးတွေကို မြင့်တက်စေပါတယ်။ ပြီးတော့ ဒီမိုကရေစီ နိုင်ငံတော်ကြီး တည်ဆောက်ဖို့နဲ့ ဂျပန် လူ့အဖွဲ့အစည်း ငြိမ်းချမ်းသာယာ ဝပြောဖို့” ပါတဲ့။ ဂျပန် လူငယ်တွေ ကမ္ဘာ တစ်လွှားက ငြိမ်းချမ်းရေး၊ သာယာဝပြောရေး လုပ်ငန်းတွေ လှမ်းမြင်အောင် ကြည့်တတ်ဖို့၊ ပြီးတော့ အဲဒါတွေကို ဝေဖန် သုံးသပ်နိုင်ပြီး ဂျပန် လူမှုအဖွဲ့အစည်းရဲ့ သာယာ ဖွံ့ဖြိုးရေးမှာ အသုံးချနိုင်အောင်လို့ပါ။ နိုင်ငံရေး ပညာကို ကျောင်းတွေမှာ သင်တာဟာ လွှတ်တော်မှာ ကိုယ့်ပါတီ အာဏာရဖို့ အဲဒီလိုဖြစ်အောင် မဲဆွယ်တဲ့ နေရာတွေမှာ အာဘောင်အာရင်း သန်သန်နဲ့ ဒေါင်းနဲ့မောင်းနဲ့ ပြောနေဖို့ အဆင့်သက်သက် မဟုတ်ပါ။ နိုင်ငံသားတိုင်း နိုင်ငံ့အကျိုး၊ ပြည်သူ့အကျိုး အစွမ်းကုန် သယ်ပိုးလိုစိတ် မြင့်မားလာအောင် သင်ပေးနေတာပါတဲ့။

ကျွန်တော်တို့ နိုင်ငံမှာ “ပြည်ရေး ပြည်ရာ သင်သင့်ကြောင်း” ဦးသန့်က ၁၉၄၂ ခုနှစ် အောက်တိုဘာလ ၂၆ မှ နိုဝင်ဘာလ ၆ ရက်နေ့အထိ ဆရာ၊ ဆရာမများ အတွက် ဖွင့်လှစ်သော “ခေတ်သစ်ပညာ သင်တန်း”မှာ ဟောပြောခဲ့ပါတယ်။ အဲဒီ ဟောပြောချက်ကို ပညာစာစောင် ဒုတိယတွဲမှာ ပုံနှိပ် ထုတ်ဝေခဲ့ပါတယ်။ လွတ်လပ်ရေး ရပြီးသောအခါ ဆရာကြီး ဦးအုံးမောင်က “ပြည်သူ့နီတိ” (Civics) ရေးသားခဲ့ကာ ပြဋ္ဌာန်းစာအုပ် အဖြစ် ပြဋ္ဌာန်းခဲ့ပြီး နိုင်ငံ့ အရေးအရာနဲ့ နိုင်ငံသား တစ်ဦးမှာ ရှိရမယ့် အရည်အသွေးတွေကို ဖြည့်ပေးခဲ့ပါတယ်။ ပြည်ရေးပြည်ရာ၊ နိုင်ငံ အရေးအရာဟာ လှည်းနေလှေအောင်း မြင်းဇောင်းမကျန် ပြည်သူအားလုံး နားလည်၊ လိုက်နာ ကျင့်သုံးရမှာပါ။ ယနေ့ ပြည်သူတွေ ဒီမိုကရေစီရဲ့ သဘောသဘာဝ အနှစ်သာရနဲ့ ကျင့်စဉ်တို့ကို နားလည်ကြပြီလား။ ဒီမိုကရေစီ ဆိုတာ ယခု ၂၀၁၀ ပြည့်နှစ် နိုဝင်ဘာလ ၇ ရက်နေ့မှာ ကျင်းပခဲ့တဲ့ ပါတီစုံ အထွေထွေ ရွေးကောက်ပွဲကြီးလို လွှတ်တော် ကိုယ်စားလှယ်တွေကို မဲပေး ရွေးချယ်ရုံပဲလား။ ဒါတောင် ဘာလို့ ရွေးကောက်ပွဲ လုပ်ရတာလဲ။ ပြီးတော့ “ဘယ်သူ့ကို၊ ဘယ်ပါတီကို မဲပေးကြရမလဲဟင်” ဆိုတဲ့ မေးခွန်းတွေကို ၇ ရက်နေ့ မတိုင်မီ ခဏခဏ မေးတော့ “ပြည်သူ့ အစိုးရ၊ ပြည်သူက ခန့်ဖို့” ဆိုတာရယ် “ကိုယ့်ရပ်၊ ကိုယ့်ရွာ၊ ကိုယ့်တိုင်းပြည်၊ ပြည်သူ့အကျိုး တကယ် သယ်ပိုးမယ့်သူကို ရွေးရမှာပေါ့” လို့ ရွေးချယ်ရေးနဲ့ ပတ်သက်လို့ မေးသမျှ အားလုံးကို ဖြေရသေးတယ်။ တကယ်တော့ ဒီမိုကရေစီဟာ နိုင်ငံသားတိုင်း လိုက်နာ ကျင့်ကြံရမယ့် ကျင့်စဉ်ပါ။ လူတစ်ဦးချင်းစီရဲ့ ဥပဒေနဲ့ စည်းကမ်းကို လေးစားလိုက်နာမှု၊ မိမိအကျိုး သယ်ပိုးမှုဟာ အများအကျိုးကို မထိခိုက်ဘဲ သယ်ပိုးနိုင်မှု၊ မိမိ အတ္တအကျိုးကို သယ်ပိုးတာဟာ ပရအကျိုး ဖွံ့ဖြိုးမှုကို အမြဲ အထောက်အပံ့ ဖြစ်စေရမယ် ဆိုတာပါ။ နိုင်ငံ့ အရေးအရာဟာ နိုင်ငံသားတွေ မသိ၊ နားမလည်ဘဲ ဘာသိဘာသာ နေလို့မရပါ။ နိုင်ငံ့အကြောင်း၊ နိုင်ငံ အစိုးရအကြောင်း၊ ဖွဲ့စည်းပုံ အခြေခံ ဥပဒေအကြောင်း၊ ဒီမိုကရေစီဆိုတာ ဘာလဲ၊ ရပ်ရွာ အုပ်ချုပ်ရေးအကြောင်း ကျွန်တော်တို့ ပြည်သူတွေ ရင်ထဲအထိ ရောက်သွားအောင် လုပ်ပြီးခဲ့ကြ ပြီးပြီလား။ မလုပ်ခဲ့ရသေးဘူး ဆိုလျှင် ဘယ်သူ လုပ်မှာလဲ။ နိုင်ငံတစ်နိုင်ငံရဲ့ နိုင်ငံသားတိုင်းကို အသိဉာဏ် ဖွံ့ဖြိုးရေးအတွက် အစွမ်းကုန် ကြိုးပမ်းပေးရာမှာ တာဝန် အရှိဆုံးက “ပညာရေး” ပါပဲ။ “ပညာရေး” ဖြင့်သာ ပြည်သူကို ခေတ်အဆက်ဆက် မျက်စိဖွင့်၊ နားဖွင့်ပေးတာဟာ အထိရောက်ဆုံး နည်းလမ်း တစ်ခုပါပဲ။ နိုင်ငံသား တစ်ယောက်အနေဖြင့် မွေးဖွားလာရင် မဖြစ်မနေ လိုက်နာရမယ့် စည်းကမ်း၊ စောင့်ထိန်းရမယ့် ကျင့်ဝတ်၊ ထမ်းဆောင်ရမယ့် တာဝန်တွေ ရှိပါတယ်။

နိုင်ငံသား တစ်ဦး ထမ်းဆောင်ရမယ့် တာဝန် ဝတ္တရားတွေ၊ နိုင်ငံသားတွေ ရသင့်ရထိုက်၊ ခံစားခွင့်ရှိတဲ့ အခွင့်အရေးတွေက ဘာပါလဲ။ နိုင်ငံရဲ့ ငြိမ်းချမ်းရေး၊ ဖွံ့ဖြိုး တိုးတက်ရေး၊ ရပ်ရွာ အေးချမ်းရေး၊ တရားဥပဒေ စိုးမိုးရေး၊ ကာကွယ်ရေး၊ ကျန်းမာရေးနဲ့ ပညာရေး စတာတွေကို စီမံခန့်ခွဲနေတဲ့ အစိုးရဆိုတာ ဘာလဲ။ အဲဒီထဲမှာ ဘယ်သူတွေ ပါဝင်သလဲ။ နိုင်ငံရဲ့ ဥပဒေပြုမှု အာဏာ၊ စီမံခန့်ခွဲမှု အာဏာ၊ တရားစီရင်ရေး အာဏာကို ဘယ်သူက လုပ်တာလဲ။ ဖွဲ့စည်းပုံ အခြေခံ ဥပဒေဆိုတာ နိုင်ငံတစ်နိုင်ငံရဲ့ အမြင့်ဆုံး ဥပဒေ ဖြစ်တယ်ဆိုတာတွေ၊ နိုင်ငံတော် အလံနဲ့ နိုင်ငံတော် တံဆိပ်ကို ဘာကြောင့်အထွတ် အမြတ်ထားရတာလဲ၊ ရွေးကောက်ပွဲဆိုတာ ဘာလဲ၊ လွတ်လပ်ရေးအမျိုးမျိုး၊ တရား ဥပဒေဆိုတာ ဘာလဲ၊ စတုတ္ထ မဏ္ဍိုင်ဖြစ်တဲ့ မီဒီယာတွေရဲ့တာဝန်နဲ့ ဝတ္တရား၊ ဒီမိုကရေစီရဲ့ “အနှစ်သာရ” ၊ “စံ” ၊ “ကျင့်စဉ်” တွေနဲ့ အကျိုးအပြစ် စတာတွေကို ပြည်သူတိုင်း မဖြစ်မနေ သိရမှာမို့ ပညာရေးက မလွဲမသွေ ဖြည့်ဆည်းသင်ကြား လေ့ကျင့်ပေးရပါမယ်။ ပြီးတော့ ကျွန်တော်တို့ နိုင်ငံမှာ လူဦးရေ အများဆုံး နေထိုင်တဲ့ ကျေးရွာတွေမှာဆိုရင် ကျေးရွာသူကျေးရွာသားတွေရဲ့ တာဝန် ဝတ္တရား၊ ကျေးရွာလူကြီး အဆင့်ဆင့် ဖွဲ့စည်းပုံနဲ့ တာဝန်များ၊ မြို့ပြမှာဆိုရင် မြို့စည်ပင် သာယာရေး ကော်မတီ၏ တာဝန် ဝတ္တရားများ၊ ရဲစခန်းနှင့် ပြည်သူ့ ရဲများ၏ တာဝန် ဝတ္တရားများ၊ မြို့နယ်အဆင့် အာဏာပိုင် အဖွဲ့အစည်းများ၏ မြို့နယ်အတွက် တာဝန် ထမ်းဆောင်ရမှု၊ ဆေးရုံနဲ့ ကျန်းမာရေး စောင့်ရှောက်မှု စတာတွေ သင်ပေးရပါမယ်။ ဒါ့အပြင် ပြည်သူ ပြည်သားကောင်း တစ်ယောက် ဖြစ်ဖို့အတွက် စည်းကမ်းကို အသိတရားနဲ့ ရိုသေလေးစားခြင်း၊ လုပ်ငန်းခွင် ကျင့်ဝတ်တွေ၊ ထို့အပြင် ဒီမိုကရေစီ လူ့အဖွဲ့အစည်းနဲ့ အညီ နေထိုင်ရမယ့် ယဉ်ကျေးမှု ပျူငှာမှုများ အနေဖြင့် လမ်း၌ ယဉ်ကျေးမှု၊ ခရီးသွားစဉ် ပြုမူရမယ့် ယဉ်ကျေးမှု၊ ရပ်ကွက်၊ အိမ်တွင်း၊ ကျောင်းတွင်း ယဉ်ကျေးမှု၊ ပေါင်းသင်း ဆက်ဆံရေး ကောင်းမွန်ခြင်း၊ ကိုယ်ချင်းစာတရား ရှိခြင်း စတာတွေပါ။ ဒါ့အပြင် ကျန်းမာကြံ့ခိုင်တဲ့ ပြည်သူ ပြည်သားဖြစ်ဖို့ တစ်ကိုယ်ရေ ကျန်းမာရေး အသိတို့ရှိအောင် သင်ပေးဖို့လည်း လိုပါတယ်။

အထက်မှာ ပြောခဲ့တာ အားလုံး ခြုံကြည့်လျှင် နိုင်ငံ့သားကောင်း တစ်ယောက်မှာ ရှိကိုရှိရမယ့် “နိုင်ငံကြီးသား စိတ်ထားကြွယ်ဝမှု” ဟု ခေါ်ဆိုနိုင်သည်။ ယနေ့ခေတ် နိုင်ငံကြီးသား တစ်ယောက်မှာ မလွဲမသွေ လိုက်နာရမယ့် ကျင့်ဝတ်က “ပတ်ဝန်းကျင် ထိန်းသိမ်းရေး ကျင့်ဝတ်” ပါပဲ။ ကျေးရွာမှာ၊ မြို့ပြမှာ နေသူအားလုံး မိမိကြောင့် သဘာဝ ပတ်ဝန်းကျင် ထိခိုက်မှု မရှိစေရေးပါ။ ဘာလို့လဲဆိုရင် သဘာဝ ပတ်ဝန်းကျင် ပျက်စီးမှုကြောင့် ရေကြီးတာ၊ မုန်တိုင်းထန်တာ၊ ကမ္ဘာကြီး ပူနွေးပြီး ရာသီဥတု ဖောက်ပြန်တာ၊ သောက်သုံးရေ ရှားပါးတာ၊ မြေဆီသြဇာ ပျက်စီးတာ၊ စားနပ်ရိက္ခာ ထုတ်လုပ်မှု ကျဆင်းတာ စတာတွေဖြစ်ပြီး သဘာဝ ဘေးဒဏ် အမျိုးမျိုးကို လူသားတွေ ခံရလို့ပါ။ ကျွန်တော်တို့ ငယ်ငယ်တုန်းက (ဆိုရှယ်လစ်ခေတ်) ကျောင်းတွေမှာ ကျန်စစ်သား၊ ဘုရင့်နောင်၊ အလောင်းဘုရား၊ ဗန္ဓုလ အသင်းဆိုပြီး ကျောင်းကောင်စီ အသင်းတွေ ရှိပါတယ်။ ထို့အတူ စိုက်ပျိုးရေး၊ ကြက်ခြေနီ၊ စာကြည့်တိုက် အသင်းတွေလည်း ရှိပါတယ်။ ပြီးတော့ အဲဒီ အသင်းတွေရဲ့ ခေါင်းဆောင်တွေဟာ ဆရာ/ဆရာမ တွေက ဘယ်သူဘယ်ဝါ လုပ်လိုက်ဆိုပြီး တာဝန်ပေးခံရသူ (Appointed Person) တွေပါ။ ကျောင်းသား/သူ သဘောကျ ရွေးချယ်ခံရသူတွေ (Elected Person)တွေ မဟုတ်ကြပါ။ တကယ်ဆိုရင် ဆရာ/ ဆရာမက အတန်းခေါင်းဆောင် ရွေးချယ်ပွဲလေး ကျင်းပပြီး ကျောင်းသား၊ ကျောင်းသူတွေကို ဘာကြောင့် အသင်းခေါင်းဆောင် ရွေးသင့်တယ်ဆိုတာ အဆိုပြုချက် တင်ခိုင်း၊ ထောက်ခံခိုင်း၊ ကန့်ကွက်ခိုင်းတာမျိုး စတဲ့ အခြေခံ ဒီမိုကရေစီ အလေ့အကျင့် လုပ်ပေးသင့်ပါတယ်။

စာတော်ပေမယ့် လူမှုရေး လုပ်ချင်စိတ် မရှိတဲ့သူ၊ လူမှုရေး လုပ်ချင်ပေမယ့် ပေါင်းသင်းဆက်ဆံရေး မကောင်းသူ၊ တစ်ကိုယ်ကောင်းဆန်တဲ့ သူကို မရွေးသင့်ကြောင်း၊ ဆရာ/မက ပြောပြ၊ ရှင်းပြ လမ်းညွှန်ရပါမယ်။ ကျောင်းစာလည်းတော် လူမှုရေး ကောင်းပြီး တစ်ဖက်သားကို စာနာတတ်၊ အတန်းအကျိုး၊ အသင်းအကျိုး၊ အများအကျိုး သယ်ပိုးလိုစိတ် ကြီးသူသာ ရွေးသင့်ကြောင်း လမ်းပြရမှာပါ။ တစ်တန်းချင်းရဲ့ အသင်းတစ်သင်း (ဥပမာ-ဘုရင့်နောင် အသင်း) ခေါင်းဆောင်တွေထဲကမှ တစ်ကျောင်းလုံးရဲ့ ခေါင်းဆောင်ကို ထပ်ရွေးတဲ့ စနစ် ပျိုးထောင်ပေးရပါမယ်။ အသင်း လေးသင်းထဲကမှ တစ်ကျောင်းလုံးရဲ့ ခေါင်းဆောင်၊ အတွင်းရေးမှူးတွေကို ထပ်ပြီး ရွေးတဲ့ အလေ့အကျင့် ကျွန်တော်တို့ မရခဲ့ပါ။ အဲဒီတုန်းက ကျွန်တော်တို့ မရခဲ့တဲ့ အလေ့အကျင့်ကောင်းကို ဒီမိုကရေစီ နိုင်ငံတော်ကို သွားနေတဲ့ ယနေ့ အချိန်အခါ၌ ကျောင်းတွေမှာ ဒီမိုကရေစီရဲ့ အခြေခံ သဘောနဲ့ ကျင့်စဉ်တွေ မိမိဆန္ဒ သဘောထားအလျောက် ရွေးချယ်ခွင့်၊ ရွေးချယ်ခံနိုင်မှုတွေကို လေ့ကျင့်ပေးဖို့တော့ လိုပြီထင်ပါတယ်။ ပညာရေးဟာ အနာဂတ် ဒီမိုကရေစီ လူမှု အဖွဲ့အစည်း အတွက် လိုအပ်တဲ့ ကောင်းမွန်တင့်တယ်တဲ့ အခင်းအကျင်းကို ကြိုတင်ပြင်ဆင် ဖြည့်ဆည်း ပေးရပါမယ်။ ဒါကြောင့်မို့ ပြည်သူ ပြည်သားများအတွက် ဒီမိုကရေစီ အခြေခံကောင်းများ ဖန်တီးပေးနိုင်မယ့် ပညာရေးကို အကောင်အထည်ဖော်ရန် အထူးလိုအပ်နေတဲ့ အချိန်အခါလို့ ထင်မိပါတယ်။ ပညာရေးက မဖြည့်ဆည်းပေးခဲ့ရင် ပြည်သူတွေ အသိဉာဏ် ကင်းမဲ့ကာ နိုင်ငံတော်သွားမယ့် ဒီမိုကရေစီ လမ်းကြောင်းမှာ ခလုတ်ကန်သင်း မျိုးစုံနဲ့ ရင်ဆိုင်ရပါလိမ့်မယ်။ ပညာရေးက ဖြည့်မှသာ ပြည်သူတွေမှာ ဒီမိုကရေစီ၏ အခြေခံနဲ့ ခံယူချက် သဘောထားများ ပြည့်ပြည့်ဝဝ ရှိနေပြီး ဒီမိုကရေစီ လမ်းကြောင်းလည်း ဖြောင့်ဖြူးမှာ။ နိုင်ငံ့ အရေးအရာနဲ့ ပတ်သက်ပြီး ဦးသန့်ရဲ့ ပြည်သူများရဲ့ တာဝန်နဲ့ ရပိုင်ခွင့်များ ပတ်သက်၍ ဖော်ပြထားချက်ထဲမှ တချို့ကို အောက်မှာ ကောက်နုတ် ဖော်ပြလိုက်ပါသည်။

၁။ ပြည်သူ ပြည်သားများ၏ တာဝန်ဝတ္တရားများ
(က) မိမိတို့၏ နိုင်ငံကို ချစ်ခင် စုံမက်ရခြင်း။
(ခ) တိုင်းသူ ပြည်သားတိုင်းသည် အပြင်ရန်နှင့် အတွင်းရန် ခုခံကာကွယ်ရခြင်း
(ဂ) တရား ဥပဒေများကို စောင့်သိ ရိုသေရခြင်း
(ဃ) နိုင်ငံရေး၊ မြို့နယ်ရေး ကိစ္စများတွင် ပါဝင်ဆောင်ရွက်ရခြင်း
(င) စာပေ အတတ်ပညာကို သင်ကြားရခြင်း
(စ) မိမိတို့ မြို့ရွာအတွက် ကာကွယ်ရေးအဖွဲ့၊ မီးသတ်အဖွဲ့၊ သူနာပြုအသင်း စသည်တို့ ဖွဲ့စည်းရခြင်း စသော ဝတ္တရားများ ဖြစ်ပေသည်။

၂။ ပြည်သူ ပြည်သားများ၏ အခွင့်အရေးများ
(က) တိုင်းသူ ပြည်သားတို့သည် လွတ်လပ်စွာ မိမိတို့ နှစ်သက်ယုံကြည်ရာ အယူဘာသာ ကိုးကွယ်နိုင်ခြင်း
(ခ) အသက်နှင့် ဥစ္စာပစ္စည်းတို့ကို ဘေးရန်အပေါင်းမှ ကာကွယ် စောင့်ရှောက်ခွင့်ရခြင်း
(ဂ) မိမိကြိုက်နှစ်သက်ရာ အပြစ်မရှိသော မည်သည့် အလုပ်အကိုင်မျိုးကိုမဆို လုပ်ကိုင်နိုင်ခြင်း
(ဃ) မည်သည့် အရေးတွင်မဆို မိမိတို့ ထင်ရာကို တရားဥပဒေ၏ တားမြစ်ချက်မှ လွတ်ကင်းလျှင် ပြောဆိုနိုင်ခွင့် ရှိခြင်း
(င) ပြည်သူ ပြည်သားတို့သည် တရားဥပဒေအရ အုပ်ချုပ်ခြင်းကိုသာ ညီတူညီမျှ ခံစားနိုင်ခြင်း
(စ) နိုင်ငံ မြို့နယ်တို့ကို စီရင် အုပ်ချုပ်မှုတွင် ပါဝင်ဆောင်ရွက်ရန် ကိုယ်စားလှယ်များ ရွေးကောက် တင်မြှောက်နိုင်ခြင်း (မဲဆန္ဒ ပေးနိုင်ခွင့်ကို ဆိုလိုတာလို့ ထင်ပါသည်။) ထို့အပြင် ဒီမိုကရေစီနဲ့ ပတ်သက်ပြီး ဦးသန့်က

(က)ဒီမိုကရေစီစနစ်၏ အကျိုးများ
၁။ တိုင်းသူ ပြည်သားများက ရွေးကောက် တင်မြှောက်သော ကိုယ်စားလှယ် ပေမည်။
၂။ တိုင်းသူ ပြည်သားတို့သည် ပြဋ္ဌာန်းမည့် ဥပဒေ အရပ်ရပ်တို့ကို ခြယ်လှယ်နိုင်ပေမည်။ (ခြယ်လှယ်ဟူသော စကားသည် ဥပဒေ ပြုရေးတွင် ပါဝင်ဆောင်ရွက်ခွင့် ရခြင်းလို့ ကျွန်တော် ထင်ပါတယ်။)
၃။ တိုင်းသူ ပြည်သားတို့သည် မိမိတို့ အခွင့်အရေးတို့ကို ကာကွယ်စောင့်ရှောက်ခွင့် ရကြမည်။
၎။ တိုင်းသူ ပြည်သားများသည် နိုင်ငံရေးတွင် ကိုယ်ထိလက်ရောက် ပါဝင် ဆောင်ရွက်နိုင်ကြသဖြင့် နိုင်ငံရေး အသိဉာဏ် ကျယ်ဝန်းလာမည်။ မျိုးချစ်စိတ် ထက်သန်လာမည်။
၅။ တိုင်းသူ ပြည်သားတိုင်း နိုင်ငံရေးတွင် တန်းတူ အခွင့်အရေး ရကြသည်။
၆။ တိုင်းသူ ပြည်သား မဲဆန္ဒရှင်များနှင့် ဥပဒေပြု ကိုယ်စားလှယ်များ တိုက်ရိုက် ဆက်သွယ်နေရသဖြင့် နိုင်ငံတွင်း ပုန်ကန်မှုများ ပေါ်ပေါက်ရန် ခဲယဉ်းမည် စသည်ဖြင့် ဒီမိုကရေစီ၏ ကောင်းကျိုးကို ဖော်ပြခဲ့ပါတယ်။

အရာရာမှာ ကောင်းတာနဲ့ ဆိုးတာ ဒွန်တွဲနေတာမို့ ဒီမိုကရေစီ၏ အားနည်းချက်ကိုလည်း သိရန် လိုတာမို့ ဦးသန့်က ဆက်လက်ပြီး

(ခ) ဒီမိုကရေစီ စနစ်၏ အပြစ်များ
၁။ ၎င်းစနစ်သည် တိုင်းသူ ပြည်သားများအား နိုင်ငံရေး အသိဉာဏ် ညီမျှသည်ဟု ဝန်ခံရာရောက်သည်။ သို့ရာတွင် တိုင်းသူ ပြည်သားများသည် နိုင်ငံရေး အသိဉာဏ် မတူညီကြ၊ အများအားဖြင့် နိုင်ငံရေးအသိ ဉာဏ်ချို့ငဲ့သည်။
၂။ ၎င်းစနစ်သည် နိုင်ငံရေးပါတီ အမျိုးမျိုး ပေါ်ပေါက်စေ၍ တိုင်းသူပြည်သားတို့ စည်းလုံးခြင်း မဖြစ်နိုင်။ (သူ့ပါတီ ငါ့ပါတီ အစွဲတွေ ရှိနိုင်တယ်လို့ ဆိုလိုတာပါ။)
၃။ ၎င်းစနစ်အရ အစိုးရ ကြာရှည် ခိုင်ခံ့ခြင်း မရှိနိုင်ဖြင့် လူတို့၏ ယဉ်ကျေးမှု ကိစ္စရပ်ရပ် တိုးတက်ရေးသည် နှောင့်နှေး ကြန့်ကြာတတ်၏ . . . လို့ ဆက်လက် ဖော်ပြခဲ့ပါသည်။

လွတ်လပ်ရေး ရပြီးစက ကျွန်တော်တို့ ကျောင်းတွေမှာ ဆရာကြီး ဦးအုံးမောင်ရဲ့ “ပြည်သူ့နီတိ” ကို သင်ရပါတယ်။ အဲဒီ အထဲမှာ ကျေးရွာသူ၊ ကျေးရွာသားတွေရဲ့ တာဝန် ဝတ္တရားတွေကို ဖော်ပြခဲ့ပါသေးတယ်။ ဥပမာ တချို့ကို ဖော်ပြရရင်-

(က) အများပြည်သူတို့အား အနှောင့်အယှက် ဖြစ်စေမည့် အရာများကို တားဆီးခြင်း၊
(ခ) မီးဘေးမသင့်အောင် ဆောင်ရွက်ခြင်း၊ ကူညီခြင်း၊
(ဂ) ကျေးရွာ သန့်ရှင်းအောင် စီမံခြင်း၊
(ဃ) မတရားသဖြင့် တိုက်ခိုက်ခြင်း၊ ကိုခုခံ ကာကွယ်ခြင်း (သူပုန်၊ ဓားပြတိုက်လာလျှင် ကိုယ့်အသိစိတ်ဓာတ်နဲ့ ရွာသားတိုင်း ခုခံ ကာကွယ်တာလို့ ယူဆပါတယ်)၊
(င) အများပြည်သူတို့၏ တာဝန်များကို ကူညီခြင်း (ရပ်ရေး၊ ရွာရေး၊ သာမှု၊ နာမှု၊ အလှူအတန်း စသည်တို့မှာ ဝိုင်းဝန်း ကူညီရတာကို ဆိုလိုတာလို့ ယူဆပါတယ်)တို့ ဖြစ်ပါတယ်။ ထို့အတူ ပြည်သူ ပြည်သား မှန်လျှင် သင့်တင့်တဲ့ အခွန်အကောက် ပေးဆောင်ဖို့ လိုကြောင်းလည်း ဆရာကြီးက ဖော်ပြထားပါသေးတယ်။

အဲဒီ အချက်တွေဟာ နိုင်ငံရေး သမားတွေ၊ နိုင်ငံရေး ပါတီဝင်တွေ၊ အစိုးရ အဖွဲ့ဝင်တွေ နိုင်ငံ့ဝန်ထမ်းတွေ လောက်သာ သိထားရမယ့် အရာတွေ မဟုတ်ပါ။ ဆူကြုံနိမ့်မြင့် နိုင်ငံသားတိုင်း မဖြစ်မနေ သိထားရမယ့် အချက်တွေလို့ ကျွန်တော် မြင်ပါတယ်။ ပညာရေးဟာ “ကျောင်းစာလောက်သာ သင်တဲ့” ခပ်နိမ့်နိမ့် လုပ်ငန်း မဟုတ်ပါ။ ပညာရေးဆိုတာ အနာဂတ်ကို ဉာဏ်မျက်စိဖြင့် ကြိုကြည့်နိုင်စွမ်း ရှိရပါမယ်။ ပြီးတော့ အဲဒီ ပေါ်ထွန်းလာမယ့် လူ့ဘောင်က နိုင်ငံသား တစ်ဦးချင်းစီမှာ ရှိကိုရှိရမယ့် အခြေခံကောင်းများကို ကြိုတင် ပြင်ဆင်သင်ကြား လေ့ကျင့်ခြင်းပါ။ ယနေ့ ပညာရေးဟာ ယခင်ကလို လူရဲ့ ကာယ၊ ဉာဏ၊ စာရိတ္တနဲ့ မိတ္တဗလ ဖွံ့ဖြိုးရေး သက်သက်လောက်နဲ့ သွားရမယ့် ပညာရေး မဟုတ်တော့ပါ။ အဲဒီ ဗလလေးတန်လည်း ပြည့်ပြီး ဒီမိုကရေစီ အလေ့အကျင့်ကိုလည်း ထပ်ဆောင်းကာ တိုးတက် ခိုင်မြဲအောင် စွမ်းဆောင်နိုင်သည် အထိ လေ့ကျင့်ပေးဖို့ လိုအပ်ပါပြီ။ ဆိုလိုတာက ပညာရေးဟာ အနာဂတ် လူ့ဘောင်မှာ “နိုင်ငံကြီးသား စိတ်ဓာတ်ကြွယ်ဝပြီး ဒီမိုကရေစီ ကျင့်ဝတ် ခိုင်မြဲသူတွေ” ဖြစ်အောင် လေ့ကျင့်တဲ့ လုပ်ငန်း ဖြစ်လာပါပြီ။

ကျွန်တော်တို့ ရှေ့ဆက်သွားမယ့် အနာဂတ် လူ့ဘောင်ဟာ “ဒီမိုကရေစီ လူ့အဖွဲ့အစည်း” ဖြစ်တာမို့ အဲဒီ လူ့အဖွဲ့အစည်းနဲ့ အညီ နေထိုင် ကျင့်ကြံရမယ့် လူ့ကျင့်ဝတ်တွေ၊ လူ့တန်ဖိုးတွေနဲ့ အဲဒီ လူ့အဖွဲ့အစည်းမှာ နိုင်ငံသားတိုင်း သိထား၊ လိုက်နာ ကျင့်သုံးရမယ့် နိုင်ငံ့ အရေးအရာတွေ အားလုံးကို သင်ရိုး ညွှန်းတမ်းတွေဆွဲပြီး ပညာရေးက မဖြစ်မနေ ဖြည့်ဆည်း သင်ကြားပေးလိုက်ဖို့ လိုအပ်ပါတယ်။ ပညာ ပြည့်ဝမှသာ နှလုံး လှကြတာမို့ ပြည်သူ ပြည်သားတိုင်း နိုင်ငံ့ အရေးအရာပြီးတော့ ဒီမိုကရေစီနဲ့ ပတ်သက်တဲ့ အသိပညာ ကြွယ်ဝဖို့ လိုပါတယ်။ ဒါမှသာ ယနေ့ နိုင်ငံတော်က မျှော်မှန်းတဲ့ မြန်မာ့ လူ့အဖွဲ့အစည်းဟာ စည်းကမ်းကို လေးစားလိုက်နာ တန်ဖိုးထားပြီး ပြည်သူ တစ်ဦးနဲ့တစ်ဦး (တိုင်းရင်းသား တစ်ဦးနဲ့ တစ်ဦးလည်း ပါပါတယ်) အပြန်အလှန် နားလည်မှု ပြည့်ဝကာ သူ့အကျိုး၊ ကိုယ့်အကျိုး မြင့်မားအောင်၊ ဖွံ့ဖြိုးအောင် အတူပူးပေါင်း ဆောင်ရွက်နိုင်စွမ်းရှိပြီး ဒီမိုကရေစီရဲ့ “စံ” ၊ “အနှစ်သာရ” “ကျင့်ဝတ်” တွေ ပြည့်စုံကာ နှလုံးလှတဲ့ မြန်မာ့ လူ့အဖွဲ့အစည်း ဖြစ်လာမှာပါ။ အဲဒါမှ မြန်မာဟာ တိုးတက်တဲ့၊ ဖွံ့ဖြိုးတဲ့၊ ငြိမ်းချမ်း သာယာတဲ့ နိုင်ငံအဖြစ် ကမ္ဘာမှာ ကြွားကြွားဝင့်ဝင့် ထာဝရ ရပ်တည်နိုင်မှာပါ။


ဒေါက်တာမောင်သင်း

No comments:

Post a Comment