အနာဂတ်ကို .... ပိုင်ဆိုင်ဖို့ ...... ငါတို့ကိုယ်တိုင်...... ကြိုးစားစို့.....

မှတ်သားကြရမယ့် .... အမေ့ အမှာစကား...

Sunday, June 19, 2011

ကုသိုလ် အကုသိုလ်....... အရှင်ဝိစိတ္တ(မနာပ ဒါယီ)

 တရားပွဲတစ်ခုမှာ ကုသိုလ်နဲ့ ပတ်သက်ပြီး အထူးပြု ဟောပြောဖြစ်ခဲ့ပါတယ်။ တရားခေါင်းစဉ်လေး အမည်ပေးပြီး အဲဒီကောင်းစဉ်နဲ့ ပတ်သက်လို့ ကျယ်ကျယ်ပြန့်ပြန့် မပြောခင် တရားနာ ပရိတ်သတ်တွေကို “ကုသိုလ်ဆိုတာ ဘာလဲ…”လို့ အရင်ဆုံး မေးစမ်းကြည့်လိုက်တော့ ထုံးစံအတိုင်း မြန်မာတရားနာ ပရိတ်သတ်ရဲ့ အဖြေက ဟိုလိုလို ဒီလိုလို ၀ါတားတားရယ်ပါ။ တစ်ချို့က “ကုသိုလ်ဆိုတာ ကောင်းမှုကိုပြောတာပါဘုရား..” လို့ ဖြေကြသလို တစ်ချို့က “ကုသိုလ်ဆိုတာ ကောင်းတဲ့အလုပ်ကို ပြောတာပါဘုရား..”လို့ ပြောတာတွေလည်း ရှိပါတယ်။ တစ်ချို့ကတော့ “ကုသိုလ်ဆိုတာ ဒါန၊ သီလ၊ ဘာဝနာကို ပြောတာပါဘုရား..” လို့ ဖြေတာတွေလည်း ရှိပါတယ်။ သူတို့ရဲ့ အဖြေတွေဟာ မှားတယ်လို့ မပြောနိုင်ပေမယ့် သေသေချာချာ သိလို့ဖြေတာရယ်လို့ မရှိကြပါဘူး။ စိတ်အထင်နဲ့ မှန်းပြီးဖြေလိုက်ကြတာ ဖြစ်ပါတယ်။ ဒီနေ့ခေတ်မှာ အဲဒီလို အထင်နဲ့ဖြေနိုင်တာကိုက တော်လှပြီလို့ ပြောရမလို ဖြစ်နေပါတယ်။ ဘာပဲဖြစ်ဖြစ် ဘုန်းဘုန်းကတော့ သိသင့်သိထိုက်တဲ့ ကုသိုလ်နဲ့ အကုသိုလ်အကြောင်း အခြေခံကျကျ ရှင်းပြပေးဖြစ်ပါတယ်။


ကုသိုလ်၊ အကုသိုလ်လို့ မြန်မာလို ပြောဆိုသုံးနှုန်းနေကြတဲ့ ဒီစကားလုံးတွေဟာ ပါဠိ ကုသလ၊ အကုသလဆိုတဲ့ စကားလုံးတွေကို မြန်မာမှုပြုထားတာ ဖြစ်ပါတယ်။ ဒီကုသိုလ် အကုသိုလ်ဆိုတဲ့ စကားလုံးတွေရဲ့ တိုက်ရိုက်သဘော လက္ခဏာကို စာပေက “ကုသိုလ်ဆိုတာ အပြစ်မရှိခြင်း၊ ကောင်းသောအကျိုးကို ပေးခြင်းလက္ခဏာ (ကုသလံ အန၀ဇ္ဇ သုခ၀ိပါက လက္ခဏံ)” ရှိကြောင်းနှင့် “အကုသိုလ်ဆိုတာ အပြစ်နှင့်တကွဖြစ်ခြင်း၊ မကောင်းသော အကျိုးကိုပေးခြင်း လက္ခဏာ(အကုသလံ သာဝဇ္ဇ ဒုက္ခ၀ိပါက လက္ခဏံ)” ရှိကြောင်း ဖွင့်ဆိုရှင်းပြပါတယ်။ ဒါကြောင့် ဒီအဖွင့်တွေအရ အပြစ်မရှိခြင်း၊ ကောင်းတဲ့အကျိုးကို ပေးခြင်းသဘောကို ကုသိုလ်လို့ဆိုပြီး အပြစ်နှင့်တကွဖြစ်ခြင်း၊ မကောင်းတဲ့ အကျိုးကို ပေးခြင်းသဘောကို အကုသိုလ်လို့ ဆိုကြောင်း နားလည်နိုင်ပါတယ်။ ဆိုလိုတာက “အလုပ်တစ်ခုဟာ ကိုယ့်အတွက်ရော သူတပါးအတွက်ပါ အပြစ်မရှိဘဲ ကောင်းတဲ့အကျိုးကို ပေးတယ်ဆိုရင် ဒီအလုပ်ကို ကုသိုလ်”လို့ ဆိုပြီး “အလုပ်တစ်ခုဟာ ကိုယ့်အတွက်ရော သူတပါးအတွက်ပါ အပြစ်ဖြစ်နိုင်ကာ မကောင်းတဲ့ အကျိုးကို ပေးနိုင်တယ်ဆိုရင် ဒီအလုပ်ကို အကုသိုလ်”လို့ ဆိုကြောင်း ဆိုလိုရင်း ဖြစ်ပါတယ်။

ဒီနေရာမှာ မြတ်ဗုဒ္ဓကိုယ်တော်တိုင် ကာလာမသူတို့သားတို့ကို မိန့်တော်မူထားတဲ့ ကုသိုလ်အကုသိုလ် အယူအဆကလည်း အထက်ပါ စာပေအဖွင့်ရဲ့ မြစ်ဖျားခံရာ ဖြစ်စေခဲ့ပါတယ်။ ဘုရားရှင်က “ကာလာမမင်းတို့ ဤတရားတို့ကား ကုသိုလ်တရားတို့တည်း၊ ဤတရားတို့ကား အပြစ်မရှိသော တရားတို့တည်း၊ ဤတရားတို့ကား ပညာရှိတို့ ချီးမွမ်းအပ်သော တရားတို့တည်း၊ ဤတရားတို့ကို ပြည့်စုံစေအပ် ဆောက်တည် အပ်ကုန်သော် အစီးအပွါးရှိခြင်းငှါ ချမ်းသာခြင်းငှါ ဖြစ်ကုန်၏”ဟု သင်တို့သည် မိမိတို့ ကိုယ်တိုင်ပင် သိသောအခါ၌မူ (ထိုတရားတို့နှင့်) ပြည့်စုံစေ၍ နေကုန်ရာ၏။ “ကာလာမမင်းတို့… ဤတရားတို့ကား အကုသိုလ်တရားတို့တည်း၊ ဤတရားတို့ကား အပြစ်ရှိသော တရားတို့တည်း၊ ဤတရားတို့ကား ပညာရှိတို့ ကဲ့ရဲ့အပ်သော တရားတို့တည်း။ ဤတရားတို့ကို ပြည့်စုံစေအပ် ဆောက်တည် အပ်ကုန်သည်ရှိသော် အစီးအပွားမဲ့ခြင်းငှါ ဆင်းရဲခြင်းငှါ ဖြစ်ကုန်၏” ဟု သင်တို့သည် မိမိတို့ ကိုယ်တိုင်ပင် သိသောအခါ၌မူ (ထိုတရားတို့ကို) ပယ်စွန့်ကုန်ရာ၏။ (ကေသမုတ္တိသုတ်)”လို့ ယုတ္တိရှိပြီး အနှစ်သာရပါတဲ့ ကုသိုလ်အကုသိုလ် အယူအဆကို မိန့်တော်မူပါတယ်။

စာပေကပြောတဲ့ ကုသိုလ်၊ အကုသိုလ်တွေရဲ့ အဓိပ္ပါယ်နဲ့ မြတ်ဗုဒ္ဓမိန့်တော်မူတဲ့ အယူအဆတွေက ရှင်းပါတယ်။ ဘာပဲဖြစ်ဖြစ် ကိုယ်လုပ်တဲ့ အလုပ်တစ်ခုဟာ အကျိုးရှိပြီး အပြစ်မရှိဘူးဆိုရင် ကုသိုလ်အလုပ်ဖြစ်နေပြီး အကျိုးလည်း မရှိတဲ့အပြင် အပြစ်ပါ ဖြစ်နေတယ်ဆိုရင် ဒါဟာ အကုသိုလ်အလုပ် ဖြစ်နေတာပဲ ဖြစ်ပါတယ်။ ဒီနေရာမှာ အပြစ်ရှိတယ်၊ မရှိဘူး၊ အကျိုးရှိတယ်၊ မရှိဘူးဆိုတာတွေကို ကိုယ့်အတွက် တစ်ခုတည်းကိုကြည့်ပြီး ပြောလို့မရပါဘူး။ တစ်ခါတစ်လေ တစ်ချို့အလုပ်တွေဟာ ကိုယ့်အတွက်တော့ အကျိုးရှိနေပေမယ့် သူများအတွက်တော့ ထိခိုက်နေတဲ့ အလုပ်မျိုး၊ နှစ်ဦးနှစ်ဘက်လုံး အကျိုးရှိနေပမယ့် သန့်ရှင်းမှုမရှိ၊ အပြစ်ဖြစ်နေတဲ့ အလုပ်မျိုး ဖြစ်နေတတ်ပါတယ်။ အဲဒီလိုဖြစ်နေမယ်ဆိုရင် ဒီလိုအလုပ်မျိုးကို ကုသိုလ်လို့ ပြောလို့မရပါဘူး။ တကယ့်ကို အပြစ်မရှိဘဲ ကောင်းတဲ့အကျိုးကို ပေးတဲ့အလုပ်မျိုးဆိုတာ ကိုယ့်အတွက်ရော သူတပါးအတွက်ပါ အပြစ်မရှိဘဲ ကောင်းကျိုးကို ဖြစ်စေတဲ့ အလုပ်မျိုးကို ဆိုပြီး အဲဒီလို အလုပ်မျိုးကိုသာ ကုသိုလ်လို့ ခေါ်ဆိုနိုင်တာ ဖြစ်ပါတယ်။

အကုသိုလ်အလုပ်ကတော့ ရှင်းပါတယ်။ လုပ်မိပြီးဆိုကတည်း အရင်ဆုံး ကိုယ့်ကိုယ်ကို အကျိုးယုတ်စေ၊ အပြစ်ဖြစ်စေတာပဲ ဖြစ်ပြီး နောက်သူတပါးကိုပါ ပတ်သက်ဆက်စပ်ကာ အပြစ်ဖြစ်စေ၊ အကျိုးယုတ်စေ ပြန်ပါတယ်။ အကုသိုလ်အလုပ်ကို လုပ်မိပြီဆိုရင် လုပ်နေတဲ့ အချိန်ကစပြီး အပြစ်ဖြစ်နေတာ ဖြစ်ပါတယ်။ အကုသိုလ်အလုပ်မှာ ကိုယ့်အတွက် အကျိုးရှိသွားတယ်၊ ကောင်းကျိုးဖြစ်သွားတယ် ဆိုတာ မရှိဘဲ ဘယ်သူပဲဖြစ်ဖြစ် အကုသိုလ်အလုပ်ကို လုပ်မိတာနဲ့ တပြိုင်တည်း အပြစ်ဖြစ်နေပြီး မကောင်းတဲ့အကျိုးကို ပေးစေတော့တာပဲ ဖြစ်ပါတယ်။ တစ်ချို့က အကုသိုလ်နဲ့ အကျိုးပေးတယ်၊ လောင်းကစားနဲ့ အကျိုးပေးတယ်လို့ ဆိုကာ အကုသိုလ်အလုပ်၊ မကောင်းတဲ့ အလုပ်တွေကို ပျော်ပျော်ပါးပါး လုပ်နေတတ်တာ ရှိပါတယ်။ ဒါဟာ အကျိုးပေးတာ မဟုတ်ပါဘူး။ အကျိုးယုတ်နေစေတာ ဖြစ်ပါတယ်။ အပြစ်တွေ ဖြစ်နေစေတာ ဖြစ်ပါတယ်။ အချိန်မတန်သေးတဲ့အတွက် ဒီအပြစ်တွေကို မခံရသေးပေမယ့် အချိန်တန်ရင်တော့ ဘုရားလည်း မကယ်နိုင်လောက်အောင် အပြစ်နဲ့အတူ မကောင်းကျိုးကို ခံရမှာ ဖြစ်ပါတယ်။ ဒါကြောင့် ကိုယ့်လုပ်တဲ့အလုပ်ဟာ အပြစ်နဲ့တကွဖြစ်နေပြီး မကောင်းတဲ့အကျိုးကို ပေးစေတဲ့ အလုပ် မဖြစ်ဖို့လို့ကြောင်း ဆိုခြင်းဖြစ်ပါတယ်။

တစ်ခါက အရက်ကိုကြိုက်လို့ကို သောက်နေပြီး အရက်သောက်ပြီးရင်လည်း ဘယ်သူ့ကိုမှ ဒုက္ခမပေးဘဲ သူဖာသာသူ တစ်ယောက်တည်း အိပ်နေတတ်တဲ့ ဒကာတစ်ယောက်နဲ့ တွေ့လို့ သူပြောတာလေး သတိရမိပါတယ်။ “ဆရာတော်ဘုရား… တပည့်တော်က အရက်သောက်တာကို မကောင်းမှန်းတော့ သိပါတယ်၊ ဒါပေမယ့် ကြိုက်လွန်းတော့ ဘယ်လိုမှကို ဖြတ်လို့မရဘူးဘုရား..၊ နောက်တပည့်တော်က သောက်သာသောက်ပေမယ့် ဘယ်သူ့ကိုမှ ဒုက္ခပေးလေ့ မရှိပါဘူးဘုရား၊ အဲဒီအတွက် အကုသိုလ်အပြစ်တော့ သက်သာမယ်လို့ ထင်ပါတင်ဘုရား..”လို့ သူက ပြောလာပါတယ်။ “အင်း… ဒကာ့အမြင်နဲ့ ဒကာကတော့ ဟုတ်နေတာပဲ၊ တကယ်တော့ အကုသိုလ်အပြစ်ဆိုတာ သူတပါးကို မထိခိုက်ပေမယ့် ကိုယ့်ကိုယ်ကို ထိခိုက်နေရင်လည်း အကုသိုလ်လို့ ပြောလို့ရပါတယ်၊ ဒကာက အရက်သောက်ပြီး ဘယ်သူ့ကိုမှ ဒုက္ခမပေးဘဲ အိပ်နေပေမယ့် ကိုယ့်ကိုယ်ကိုတော့ အကျိုးယုတ်စေ၊ အပြစ်ဖြစ်နေစေတဲ့ အတွက် ဒါဟာ အကုသိုလ်ပါပဲ၊ အရက်သောက်တဲ့ အတွက် သီလသိက္ခာပုဒ်ကို ချိုးဖောက်နေပြီး အရက်သောက်ထားတဲ့ အတွက် မေ့လျော့ပေါ့ဆမှု ဖြစ်နေတာတွေကိုက အကုသိုလ်ဖြစ်နေတာပါ၊ ဒါကြောင့် အရက်သောက်ပြီး အိပ်နေတတ်တဲ့ သူကိုလည်း အကုသိုလ်ဖြစ်နေတဲ့သူလို့ ပြောတာဖြစ်ပါတယ်…” စသဖြင့် အဲဒီဒကာကို ပြန်ပြောဖြစ်ခဲ့ပါသေးတယ်။

ဟုတ်ပါတယ်။ လူတိုင်းလူတိုင်း ကိုယ်လုပ်တဲ့ အလုပ်တွေ အပေါ်မှာ အပြစ်ဖြစ်မဖြစ် စိစစ်ကြည့်ကြဖို့ လိုပါတယ်။ ကိုယ်လုပ်တဲ့အလုပ်ဟာ ကိုယ့်အတွက်ရော သူတပါးအတွက်ပါ အပြစ်ကင်းတယ်၊ အကျိုးရှိတယ်ဆိုရင် ဒီအလုပ်ဟာ ကောင်းတဲ့အလုပ်ဖြစ်ပြီး ကိုယ်လုပ်တဲ့အလုပ်ဟာ ကိုယ့်အတွက်လည်း အကျိုးမရှိ၊ သူများအတွက်လည်း အကျိုးမရှိတဲ့အပြင် လုပ်သမျှ အပြစ်တွေပဲ ဖြစ်နေတယ်ဆိုရင် ဒါဟာ မကောင်းတဲ့ အလုပ်ပဲ ဖြစ်ပါတယ်။ အလုပ်တစ်ခုဟာ ကောင်းရင်ကုသိုလ်ဖြစ်ပြီး မကောင်းရင် အကုသိုလ်ဖြစ်ပါတယ်။ အကောင်းလုပ်ရင် အပြစ်ကင်းပြီး မကောင်းလုပ်ရင် အပြစ်တွင်း ဖြစ်နေမှာ ဖြစ်ပါတယ်။ ဒါကြောင့် အပြစ်မကင်းဘဲ မကောင်းကျိုးပေးတတ်တဲ့ အကုသိုလ် အလုပ်တွေကို ရှောင်ကြဉ်ပြီး အပြစ်ကင်းကာ ကောင်းကျိုးဖြာစေမယ့် ကုသိုလ်အလုပ်တွေမှာ တတ်နိုင်သမျှ ကြိုးစားအားထုတ်ကြဖို့ တိုက်တွန်းကြခြင်း ဖြစ်ပါတယ်။

ဆိုလိုတာက ကုသိုလ်၊ အကုသိုလ်ဆိုတာ လုပ်တဲ့သူတွေ အနေနဲ့ ကိုယ့်အတွက်ရော အခြားသူတွေ အတွက်ပါ အပြစ်ရှိမရှိ အကျိုးရှိမရှိဆိုတဲ့ သက်ရောက်မှုတွေနဲ့ သက်ဆိုင်တဲ့ အလုပ်တွေကို ဆိုလိုတာ ဖြစ်တဲ့အတွက် ကိုယ်လုပ်တဲ့ အလုပ်တစ်ခုဟာ ကုသိုလ်ဖြစ်လား၊ အကုသိုလ်ဖြစ်လား ဆိုတာကို ကိုယ်ကိုယ်တိုင် စိစစ်ပြီး ကုသိုလ်ဖြစ်တယ်ဆိုရင် စွဲစွဲမြဲမြဲလုပ်ဖို့နဲ့ အကုသိုလ်ဖြစ်တယ်ဆိုရင် မလုပ်ဘဲ ရှောင်ရှားကာ လုပ်မိနေရင်လည်း အမြန်ဆုံး စွန့်လွှတ်ကြဖို့ ဆိုလိုရင်း ဖြစ်ပါတယ်။ ကံကံရဲ့ သက်ရောက်မှု သဘောအရလည်း ကိုယ်လုပ်တဲ့အလုပ်ဟာ ကိုယ့်ဆီပဲ ပြန်ရောက်လာမှာ ဖြစ်တဲ့အတွက် ကိုယ်လုပ်တဲ့ အလုပ်တွေကို အပြစ်ကင်းအောင်နဲ့ အကျိုးရှိအောင် လုပ်ကြဖို့ တိုက်တွန်းလိုရင်း ဖြစ်ပါတယ်။ ဗုဒ္ဓအလိုတော်အရ လောဘ၊ ဒေါသ၊ မောဟတရားများ ဦးစီးပြီး လုပ်လေ့ရှိတဲ့ အလုပ်များဟာ များသောအားဖြင့် အပြစ်မကင်းဘဲ အကုသိုလ်ဖြစ်တတ်တာ များတဲ့အတွက် ဒီလိုအလုပ်များကို ရှောင်ရှားပြီး အပြစ်ကင်းတဲ့ အလုပ်တွေကို ရှာဖွေလုပ်ကြဖို့ အသိပေးလိုရင်း ဖြစ်ပါတယ်။

ဒါကြောင့် အချုပ်ပြောလိုတာက လောကမှာ ပြောပြောနေကြတဲ့ ကုသိုလ်အကုသိုလ်ဆိုတဲ့ စကားတွေရဲ့ တကယ့်ဆိုလိုရင်းမှာ ကုသိုလ်ဆိုတာ အပြစ်မရှိဘဲ ကောင်းကျိုးဖြစ်စေတဲ့ သဘောဖြစ်ပြီး အကုသိုလ်ဆိုတာ အပြစ်နဲ့အတူ မကောင်းကျိုးကို ဖြစ်စေတဲ့ သဘောဖြစ်တဲ့အတွက် ဘယ်သူပဲ ဖြစ်ဖြစ် ကိုယ်လုပ်တဲ့ အလုပ်တစ်ခုဟာ ကိုယ့်အတွက်ရော သူတပါးအတွက်ပါ အပြစ်ကင်းမကင်း၊ အကျိုးရှိမရှိ စဉ်းစားသုံးသပ်ပြီး နှစ်ဦးလုံးအတွက် အပြစ်ကင်းပြီး အကျိုးရှိတယ်ဆိုရင် ဒီအလုပ်ကို ကြိုးစားလုပ်ဖို့နဲ့ နှစ်ဦးလုံးအတွက် အပြစ်မကင်းဘဲ အကျိုးယုတ်စေတယ်ဆိုရင် ဒီအလုပ်ကို မလုပ်ဘဲ ရှောင်ရှားဖို့၊ အဲဒီလို အပြစ်ကင်းပြီး အကျိုးရှိတဲ့ အလုပ်ကို လုပ်နေခြင်းဟာ ကုသိုလ်လုပ်နေခြင်း ဖြစ်တဲ့အတွက် ဒီ ကုသိုလ်တရားတွေကို များများလုပ်နိုင်အောင် ကြိုးစားကြဖို့ ပြောလိုရင်း ဖြစ်ပါတယ်။ အဲဒီလို အပြစ်ကင်းပြီး အကျိုးရှိတဲ့ အလုပ်တွေကို လုပ်ဆောင်ရင်းနဲ့ပဲ ကိုယ့်ရဲ့ဘ၀ ကောင်းကျိုးချမ်းသာကို ကြိုးစားရှာဖွေကြဖို့လည်း အသိပေးစကား ပြောကြားရင်း ကုသိုလ်နဲ့ အကုသိုလ်ဆိုတဲ့ ဒီစာစုလေးကို အဆုံးသတ်လိုက်ရပါတော့တယ်။

No comments:

Post a Comment